
အချစ် တစ်ခုတည်းကို ကြည့်သင့်လား၊ အချစ် တစ်ခုတည်းကို ကြည့်ပြီး တချို့က သူရဲကောင်းတွေ ဖြစ်သွားကြတယ်၊ တချို့က လူဆိုးတွေ ဖြစ်သွားကြတယ်။
ရွေးချယ်မှုတွေဆိုလည်း ဟုတ်တယ်၊ သတ်မှတ်ချက်တွေဆိုလည်း ဟုတ်တယ်။
နေ့လည်ခင်း ထမင်းစားဆင်းချိန် ဆိုတော့ ကျောင်းမုန့်စျေးတန်းမှာ လူတွေ များနေပေမယ့် အရောင်တော့ နှစ်မျိုးပဲ ရှိတယ်။ အဖြူရယ် အစိမ်းရယ်ပေါ့။
ကော်ဖီသောက်နေရင်း မုန့်စျေးတန်းနဲ့ ကပ်လျက် ဘောလုံးကွင်းကြီးကို ငေးကြည့်နေမိတယ်။ ဟိုတွေး၊ ဒီတွေး စိတ်ကူးလေးတွေ နယ်ချဲ့နေတဲ့ အခိုက်အတန့် …။
"သားကြီး … ဒီစာအုပ်လေး မိုးထက် ကို ပေးပေးပါ"
မျက်စိရှေ့ကို စာအုပ်တစ်အုပ် ရောက်လာတယ်။
ကြည့်လိုက်တော့ လင်းထွဋ် ..၊ သူက မူလတန်း ကျောင်းတုန်းက အတူတူ ထိုင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ပဲ။ ဒီကျောင်းကို ရောက်လာတော့ တစ်နှစ် တစ်ခန်း ပြောင်းရတယ်။ သူက စာလုပ်တော့ ရှေ့ခန်းတွေ ရောက်သွားတယ်၊ မခေါ် မပြောနဲ့ နှစ်တွေ ကြာတော့လည်း၊ တစ်ယောက်နဲ့ တစ်ယောက် သိတယ် ဆိုရုံပဲ … ရှိတော့တယ်။
လင်းထွဋ်က စာအုပ်လေး ထားခဲ့ပြီး ထွက်သွားတယ်။
စာအုပ်ရှေ့ဖုံးမှာ မိုးထက် တဲ့။ နာမည်စာရွက်လေး ကပ်ထားတယ်။ မိုးထက်ရဲ့ သင်္ချာ လေ့ကျင့်ခန်း စာအုပ်လေးပေါ့။ ရှေ့ဆုံး စာရွက်ကို လှန်ကြည့်လိုက်တော့ မှင်နဲ့ ရေးထားတဲ့ ဝိုင်းဝိုင်းစက်စက် ကိန်းဂဏန်းလေးတွေကို တွေ့ရတယ် …။
မိုးထက် ဆိုတာ ကျနော်တို့ အခန်းထဲက နောက်ဆုံးတန်းမှာ ထိုင်တဲ့ ကောင်မလေး တစ်ယောက်ပဲ၊ အသားဖြူဖြူ၊ ဆံပင်တိုတိုနဲ့ အရပ်ကတော့ နည်းနည်း ပုတယ်။ စကားပြောရင် ပွင့်ပွင့်လင်းလင်း ရှိတယ်။
ဒီစာသင်နှစ် တစ်ခုလုံး အမြဲ .. ငေးကြည့်နေမိတဲ့ တစ်ယောက်ပေါ့။ တိတ်တခိုးလေးတော့ ဖြစ်နေမိတယ်။ စာမေးပွဲတွေ ပြီးသွားရင်တော့ သူ့ကို တိတ်တခိုးဖြစ်ခဲ့တဲ့ အကြောင်း ပြောပြဖြစ်လိမ့်မယ်။
အချိန်က ၁၂ နာရီ ခွဲနေပြီ။ ကျောင်းပေါ် ပြန်တက်ဖို့ ကောက် ထ လိုက်တဲ့ အချိန် …. စာအုပ်ကြားထဲက အဖြူရောင် စာရွက်လေး တစ်ရွက် ထွက်ကျလာတယ်။
"ဟာ.."
ကျနော် သဘောပေါက်လိုက်ပါတယ်။ ချက်ချင်း စာအုပ်ကြားထဲ ပြန်ညှပ်ထားလိုက်တယ်။
ကောင်မလေး တစ်ယောက်ကို ကောင်လေးတစ်ယောက်က ရည်းစားစာ ပေးတာ အဆန်း မဟုတ်ပေမယ့် ကိုယ့်နှစ်သက်တဲ့ မိန်းကလေး တစ်ယောက်ကို တခြား တစ်ယောက်ပေးတဲ့ စာ ယူသွားပေးရမယ် ဆိုရင်ရော..။
ဒီလို ဘဝမျိုး … ဘာလို့ ကျနော်မှ လာကြုံရတာလဲ။
လင်းထွဋ်ကိုလည်း မတွေ့တော့ဘူး။ ကျောင်းတက်တက်ချင်း အချိန်ကလည်း သင်္ချာ အချိန်..၊ မိုးထက် လက်ထဲ ဒီလေ့ကျင့်ခန်း စာအုပ်က ကျိန်းသေ ရောက်ဖို့ လိုတယ်။
ဒီ ရည်းစားစာကရော .. လိုရဲ့လား။ တွေးမိပေမယ့် ဒါက ကျနော် ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ပြန်ဘူး။
ဒီစာကို လွှင့်ပစ်ခဲ့မယ်ဆိုရင်ရော … ကျနော် ဘာဖြစ်သွားမလဲ။ ကျင့်ဝတ်မရှိတဲ့ သူလား၊ စည်းမရှိတဲ့သူလား၊ သောက်ကျင့် မကောင်းတဲ့သူလား၊
ဒီစာကို အထဲမှာ ညှပ်ထားတဲ့ အကြောင်း ကျနော့်ကို မပြောဘဲ ခုတုံး လုပ်သွားတဲ့ လင်းထွဋ်ကိုတော့ စိတ်ပျက်မိတယ်။
ဒါပေမယ့် ကျနော် မိုးထက်ကို နှစ်သက်နေတယ် ဆိုတာ သူမှ မသိခဲ့ဘဲ ..။
သူ မိုးထက်ကို နှစ်သက်တာတော့ ကျနော်သိသွားပြီလေ။
ဘာလုပ်သင့်လဲဆိုတဲ့ မေးခွန်းပေါင်းများစွာ ကျနော့ အတွေးထဲမှာ ရှုပ်ယှက်ခက်နေတယ်။
ခြေလှမ်းတွေကို စာသင်ခန်းဘက်ကို ဦးတည်လိုက်တယ်။ ကျောင်းဆောင် လှေကားဝ ရောက်တော့ အပေါ်ထပ်က ဆင်းလာတဲ့ မိုးထက် နဲ့ မျက်နှာချင်းဆိုင် ဆုံတယ်။
"မိုးထက် … နင့်စာအုပ် … လင်းထွဋ် ပေးလိုက်တာ"
"ဪ … အေ .. ငါ့ခုံမှာပဲ ထားလိုက်လေ …"
သူက အဲ့လိုပြောပြီး မုန့်စျေးတန်းဘက်ကို ထွက်သွားတယ်။ လှေကားဝမှာ ကျန်နေခဲ့တာကတော့ ကျနော်ပေါ့။ ဒီစာအုပ်ကို သယ်လာရတာ ကျနော့ အတွက် လေးပင်လွန်းနေတယ်။
"ဟူး….."
သက်ပြင်းတော့ အရှည်ကြီး တစ်ချက် ချလိုက်တာပေါ့။
အခန်ထဲကို ရောက်တော့ နောက်ဆုံးတန်းကို ကြည့်လိုက်တဲ့အခါ ဘယ်သူမှ ရှိမနေဘူး။ မိုးထက်ရဲ့ စာအုပ်လေးကို သူ့ထိုင်တဲ့ နောက်ဆုံးတန်း အစွန်မှာ သွားထားပေး လိုက်တယ်။ သတ္တိ ရှိရှိပေါ့။
မှန်လား … မှားလားတော့ မသိပေမယ့် ဘယ်တော့မှ လူဆိုး တစ်ယောက် အဖြစ်ကို ရွေးချယ်မှာတော့ မဟုတ်ဘူး။ ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ရတဲ့ အရာတစ်ခုကို စွန့်လွှတ်ဖို့ ပြင်ဆင်ထားရတယ်ဆို နည်းနည်းတော့ အံ့သြစရာ ကောင်းတယ်။
လင်းထွဋ်နဲ့ မိုးထက် ချစ်သူတွေ ဖြစ်သွားကြရင် ကျနော် နောင်တရမှာလား … ကျနော်ကိုယ် ကျနော် မေးမိတယ်။ နောင်တမရအောင် ကြိုးစားသင့်တယ် မဟုတ်လား။
လင်းထွဋ်က သူ့ကို တကယ် ချစ်ဖို့ပဲ မျှော်လင့်တယ်။ ရွေးချယ်ခဲ့တဲ့ အရာအတွက် ကျနော် နောင်တ မရချင်ဘူးလေ …။
မိုးထက်ကို ကျနော် တကယ် ချစ်ခဲ့လား …၊ မချစ်ခဲ့ဘူးလား၊ ငေးကြည့်နေရုံနဲ့တော့ သူက ကျနော့အတွက် ဘဝကြီးတစ်ခု ဖြစ်ခဲ့ဖူးတယ်။
ချစ်ခြင်းမေတ္တာနဲ့ ကျင့်ဝတ် ယှဉ်လာရင် … ဒုတိယတစ်ခုကိုပဲ ရွေးချယ်သင့်တယ် မဟုတ်လား။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments