ကျေနပ်နေတတ်တယ်

Black Mountains Under the Stars at Nighttime
ဘယ်လောက်ထိ ချစ်လဲ မေးတဲ့အခါ ဘူမသိ၊ ကိုးမသိ တစ်ဆယ်ကို ဘဝကြီး မှတ်နေတဲ့ ဒီကလည်း လမင်းကြီးကို သက်သေထူပြီး ကြယ်လေးတွေကို ဥပမာပေး၊ ထာဝရ ဆိုတာက ဘယ်လိုမျိုးပေါ့။ သူနဲ့ အချိန်တွေ ကုန်ရတာကို ကျေနပ်နေခဲ့တယ်။

နှစ်ဖက်စလုံးမှာ ချစ်ခြင်း မေတ္တာ ရှိတယ်၊ အဲ့ဒီလို ဘဝင်မြင့်ပြီး ပန်းတိုင်လေးတွေ အပြည့်ပေါ့။ အတူတူ ရူးကြမယ်လို့ ပြောတော့ ကိုယ် တကယ် … ရူးမိတယ်။ နဂုံးချုပ်တဲ့ အခါမှပဲ ကိုယ် တစ်ယောက်တည်း ဖြစ်နေတယ်။ သူက အကောင်းကြီးရယ် …၊

ကိုယ့်ကို မုန်းတဲ့ လူတစ်ယောက် ထက်စာရင် ချစ်တဲ့ လူတစ်ယောက် ရှိနေတာက အများကြီး သာယာတယ်လို့ သူက ပြောတယ်။ ကိုယ်ထင်ရာ အဓိပ္ပါယ် တွေဖွင့်ပြီး လွှတ်ပျော်နေခဲ့တာပေါ့။ ဒါဟာ … အသုံးချခြင်းတစ်ခု ဖြစ်နေ လိမ့်မယ်လို့တော့ မတွေးမိခဲ့တာ … အမှန် …၊

ခံစားချက် မရှိတဲ့ လူတစ်ယောက်က ခံစားချက် ရှိတဲ့ လူကို ခံစားစေချင်တယ်။ ဘယ်လောက်မှ မချစ်ဘဲနဲ့လည်း တစ်ဖက်သားကို ဘယ်လောက်ထိ ချစ်လဲ … မေးပြီး ကျေနပ် နေတတ်တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments