သူ့ကို သတိထားမိတာက ပထမနှစ် ကျောင်းသား ဘဝကတည်းက ဆိုပါတော့။ လှလားလို့ မေးရင် ဖြေရခက်တယ်။ သေချာတာကတော့ တစ်ခါ မြင်လိုက်ရရုံနဲ့ နောက်တစ်ကြိမ် ကြည့်နေမိတတ်တာမျိုး။ သက်ရောက်မှုတစ်ခုတော့ ရှိနေခဲ့တာ အမှန်ပဲ။
သူက အသား ဖြူတယ်။ သူ့အကြောင်း ပြောရင် မပါမဖြစ်က သူ့ နဖူးလေးပဲ။ အတော်လေး ပြောင်တဲ့ အထဲမှာ ပါတယ်။ ပြီးတော့ ဆံစလေးတွေကိုလည်း ရှေ့မှာ ချထားတတ်တယ်။ အပေါ်အောက် အရောင်တူ အင်္ကျီ၊ လုံချည်တွေပဲ ဝတ်တယ်။ အရမ်းကြီး ပြင်ဆင် ခြယ်သ ထားလေ့ မရှိပေမယ့် ဘာမှ ထပ်ပြီး ပေါင်းထည့်စရာ မလို လောက်အောင် ပြည့်စုံ နေသလို ခံစားရတယ်။
ပြောသာ ပြောရတာ နှစ်ယောက်ကြားမှာ ဆက်စပ်တဲ့ သူလည်း မရှိခဲ့သလို ပတ်သက် ရလောက်အောင် အကြောင်းအရင်းတွေလည်း သေသေချာချာ ရှိမနေခဲ့ပါဘူး။ အဝေးသင်ဆိုတာ တစ်နှစ်မှာ ဘယ်နှရက်များ ဆုံကြရမှာ မို့လဲ။ ငေးနေတုန်း ရှိသေးတယ် ဟိုက်ဝေး လမ်းပေါ်က အဝေးပြေးကားပေါ် သူ တက်သွားတယ်။
_____________________
မေဂျာတူ ၊ နှစ်တူတဲ့ လူနှစ်ယောက်အတွက် ဒုတိယနှစ် ရောက်လာတော့လည်း ဝေးဝေး ရှောင်နေဖို့ မလွယ်ဘူးလေ။ သူကတော့ မနှစ်က အတိုင်းပဲပေါ့။ ဒါပေမယ့် သူ့ ကြည့်ရတာ ပိုပြီး ပေါ့ပါး လွတ်လပ် လာသလို ခံစားရတယ်။ စာသင်ချိန်တွေဆို ကျနော်က အနောက်မှာပဲ ထိုင်လေ့ ရှိတော့ သူ့ကို တစ်ခါတလေ အကြာကြီး ငေးနေလို့ ရတယ်။ သူသိလား မသိလားတော့ မပြောတတ်ဘူး။ သိခဲ့ရင်လည်း အနှောက်အယှက်တော့ ဖြစ်မလား မသိ၊ အားတော့ နာမိတယ်။
ဘာဖြစ်လို့လဲ မေးရင် သတိထားမိလို့၊ ဘာဖြစ်ချင်တာလဲ မေးရင် သူ့နာမည်လေး သိချင်တယ်။ သိချင်ရုံ ရှိသေးတယ် စာမေးပွဲတွေက ပြီးသွားတယ်။
_____________________
တတိယနှစ် အနီးကပ်တွေ စပြီး တက်တော့ မျှော်နေမိတယ်။ ဒါပေမယ့် သူ့ကို မတွေ့ရတော့ဘူး။ အစောကတည်းက နာမည်တောင် မသိခဲ့တော့လည်း ဘယ်သူ့ မေးလို့ မေးရမှန်း မသိဘူး။ ကိုယ့်ဘာသာ ပေးထားတဲ့ နာမည်ပဲ ရှိတာ။ ယုသန္တာတင် ပေါ့။ နောက်ဆုံး အနီးကပ် ရက်တွေသာ ကုန်လွန် သွားတယ် နဖူးပြောင်ပြောင်နဲ့ ဝမ်းဆက် လေးတွေပဲ ဝတ်တတ်တဲ့ ကောင်မလေး တစ်ယောက်ကို မတွေ့ခဲ့ရဘူး။ သူကျောင်းမှာ ရှိကော ရှိပါတော့မလား။
ဒီလိုနဲ့ စာမေးပွဲ ဖြေပြီး ကျောင်းကနေ အပြန်မှာပေါ့။ ရန်ကုန် - မန္တလေး ကားလမ်းမကြီးကို ကျောင်းရှေ့ကနေ ဖြတ်ကူးသွားတဲ့ ကောင်မလေး နှစ်ယောက်ထဲမှာ တစ်ယောက်က သူဖြစ်နေတယ်။ Wow … မတွေ့ရတော့ဘူး ထင်ထားတဲ့ လူတစ်ယောက်ကို ရုတ်တရက် ပြန်တွေ့လိုက်ရတော့လည်း ပျောက်ဆုံးနေတဲ့ အရာတစ်ခု ပြန်တွေ့လိုက် ရသလို ဖြစ်မိတယ်။ ဒီကြားထဲမှာ ကိုယ်ဖျောက် နေခဲ့သလားကွယ်လို့ စိတ်ထဲက မေးမိတယ်။ ကံတရားကြီးက ကိုယ့်အပေါ် သံယောဇဉ် ရှိပေမယ့် အရမ်းကြီးတော့ သဘော မကောင်းခဲ့ပါဘူး။ အဲ့ဒီနေ့က စာမေးပွဲ နောက်ဆုံး ဘာသာ ဖြေတဲ့နေ့လေ …၊
_____________________
အချိန်တွေကလည်း တဖြည်းဖြည် ကုန်လွန်လို့ နောက်ဆုံး နှစ်သာ ရောက်လာတယ်။ ဘာမှ အဖက်တင်တယ် လည်း မရှိပါဘူး။ ထုံးစံအတိုင်း ကျောင်းရောက်တာနဲ့ အခန်းဝကို ကြည့်နေမိတယ်။ အပြာရောင် ဝမ်းဆက်လေးနဲ့ သူ ဝင်လာတယ်။ အရင် နှစ်တွေတုန်းကနဲ့ မတူတော့ဘဲ တစ်မျိုး ပြောင်းလဲနေသလို ခံစားရတယ်။ အဖြေကို တော်တော်နဲ့ ရှာလို့ မရခဲ့ဘူး။ နောက်တော့မှ ဪ … သူ့ ဆံစလေးတွေ နဖူးမှာ ချမထား တော့ဘူးကိုး..၊ တစ်မျိုးတော့ တစ်မျိုးပဲ …၊ ဟံသာဝတီ လေဆိပ်ကြီးကို မျှော်ကြည့်နေတဲ့ ပဲခူးသားတို့ အဖြစ်လိုမျိုး ခံစား လိုက်ရတယ်။ အချိန်တန်ရင် သူဟာ ပြန်ပျောက် သွားဦးမှာလား..၊
ဒီလိုနဲ့ ဖိုင်နယ် စာမေးပွဲ ဖြေရတဲ့ နေ့ကို ရောက်လာတယ်။ သူ စာဖြေခန်းထဲ ဝင်လာတာတွေ့တော့ ဪ … ဒီနှစ် တစ်ခန်းတည်း ဖြေရမှာပါလား။ ကိုယ်လည်း မသိချင် ယောင်ဆောင်ပြီး ပြန်လှည့် နေလိုက်ပေမယ့် ကိုယ့် မျက်လုံး ထောင့်အစွန်းမှာတော့ ကိုယ့်ဆီ တည့်တည့် လျှောက်လာတဲ့ သူ့ အရိပ်အယောင် မြင်နေရတယ်။ ကိုယ်ကလည်း မျှော်လင့်ရဲတယ်နော် … ကိုယ့်ဘေးက နေရာများ လားပေါ့။ နည်းနည်းလေးပဲ လွဲပါတယ်။ ကိုယ့် နောက်က ခုံမှာပါ။ တွက်ရ သိပ်လွယ်သွားတယ်။ သူ့ခုံနံပါတ်က (**) ပေါ့။
သိပ်မကြာခင်မှာပဲ စာမေးပွဲ ကြီးကြပ်တဲ့ ဆရာမက လက်မှတ်ထိုးဖို့ စာရွက်လေး လာချပေးတယ်။ ကိုယ့် ခုံနံပါတ်နဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ ခုံနံပါတ် တစ်ခုရဲ့ ဘေးက နာမည်လေးကို ကြည့်လိုက်တယ်။ လေးနှစ်လုံးလုံး သိချင်လာခဲ့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို အဲ့ဒီနေ့မှာ စ သိခွင့်ရလိုက်တယ်။ ကျေနပ်သွားသလို ခံစားရတယ်။ ပြီးတော့ စာဖြေရတာလည်း အတော်လေး ပေါ့ပါး နေခဲ့တယ်။
Facebook မှာ သူ့နာမည်ကို ရှာကြည့်တော့ အကောင့် တစ်ခု အပေါ်ဆုံးမှာ ပေါ်လာတယ်။ ပန်းပွင့် လေးတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို Profile Picture အဖြစ် သုံးထားတယ်။ ဟိုက်! .. သူ့ အကောင့်ပဲ။ အရင်နှစ်တွေ တုန်းကလိုမျိုး သူနဲ့ပတ်သက်ပြီး ဘာမှတောင် မသိခဲ့ရတဲ့ အခြေအနေတွေကနေ လုံးဝ ရုပ်ချည်း ပြောင်းလဲသွားတာ အံ့ဩစရာတော့ ကောင်းတယ်။ သူ့ပုံလေးတွေ ကြည့်လို့ရမယ်။ သူဘယ်က လာတာလဲ ဆိုတာပါ သိရမယ်။ ဪ … တွေးရင်းနဲ့ကို ကြည်နူး..။ ကံတရားကြီးက သံယောဇဉ် ရှိသေးတယ် ပြောရမယ်။
သူ့ အကောင့် ထဲ ဝင်ကြည့်လိုက်တော့ သူက စေ့စပ်ထားတဲ့ သူတောင် ရှိနေခဲ့ပြီ။ ရုတ်တရက်တော့ တွေဝေသွားတယ်။ နောက်တော့လည်း … အင်း .. ငါနဲ့ ဘာဆိုင်လို့လဲပေါ့။ ဒီလိုနဲ့ Add Friend မနှိပ် ဖြစ်တော့သလို နောက်ရက်တွေမှာလည်း သူ့ကို မကြည့်မိအောင်ပဲ နေလိုက်တော့တယ်။ နောက်ဆုံးနေ့ကဆို ဘယ်အချိန် စာဖြေခန်းထဲက ထွက်သွားမှန်းတောင် မသိလိုက်ဘူး။
အင်းပေါ့ … အစောကတည်းက ကိုယ်ကလည်း နာမည်လေးပဲ သိချင်ခဲ့တာ မဟုတ်လား။ ဘဝမှာ ရည်မှန်းချက်ထက် ပိုပြီး ဖြစ်သွားတဲ့ အခြေအနေဆိုတာ တော်တော်လေး ရှားပါတယ်။ ကိုယ့်အတွက်ကတော့ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ဘယ်တော့မှ လည်း ရှိလာမယ် မထင်ဘူး။
ဘာဖြစ်ခဲ့တာလဲ မေးရင်တော့ အားလုံးထဲမှာ ဘယ်သူနဲ့မှ မတူဘဲ ထူးခြားနေတဲ့ သူ့ကို ပိုပြီး သတိထားမိခဲ့တယ်လို့ပဲ ပြောရလိမ့်မယ်။ အခု ဘာဖြစ်ချင်သေးလဲ မေးရင်တော့ သူနဲ့လည်း စကားမပြောဖူးပါဘဲ နှစ်တိုင်း သူ့ကို သတိတရ ကြည့်နေခဲ့တဲ့ ကောင်လေး တစ်ယောက် ဒီကျောင်းမှာ ရှိခဲ့ဖူးတယ်ဆိုတာ သူ မသိခဲ့ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments