မင်း .. ပင်ပန်းပါတယ်။

Man Wearing Mask Sitting Near Window Panel
သေချာတယ်ဆိုတဲ့ အရာတွေ အများကြီး မရှိခဲ့ဖူးပေမယ့် သူပြောတဲ့ ချစ်တယ် ဆိုတာကိုတော့ ယုံခဲ့တယ်။ ချစ်ရဲ့လားလို့ မေးတဲ့ အခါတိုင်း အလိုက်တသိ ခေါင်းညိတ်တတ်တဲ့ လူတစ်ယောက် အနားမှာ ရှိနေတဲ့ ဘဝကလည်း တိမ်တွေပေါ် လမ်းလျှောက် နေရသလိုပါပဲ။ ပျော်စရာတွေ အများကြီး မရှိတဲ့ ဘဝမို့ ပျော်ရွှင်မှုလို့ ယုံကြည်မိတဲ့ အရာတိုင်းကို သေသေချာချာ ခံစားတယ်။

အပြန်အလှန် ဂရုစိုက်မှုလေးတွေ အပြန်အလှန် အလေးထားမှုလေးတွေ ရှိမလား ဆိုပြီး တစိမ့်စိမ့် ကြည့်နေရင်းနဲ့ တစ်ဖက်ကို အသေအချာ သတ်လာတယ်။ ဘယ်သူကမှတော့ ဂရုစိုက်မှုတွေ ပြန်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဂရုစိုက်မှုတွေ ပေးနေတာ မဟုတ်ဘူး။ ဒါပေမယ့် အသိအမှတ် ပြုခံရတဲ့ ဘဝက ကျေနပ်စရာတော့ ကောင်းတယ် မဟုတ်လား။

ပျော်နေရမှသာ အချိန်တွေက အရမ်း မြန်နေတာ၊ ဝမ်းနည်းရတဲ့ အချိန်ဆို နာရီလက်တံက တစ်ချက်ချင်း သွားပြနေတယ်။ စက္ကန့်တံ ရွေ့လျားတဲ့ အသံက အစ ပြတ်ပြတ်သားသား ကြားနေရတယ်။

နှစ်ယောက်အတူ လက်တွဲကြမယ်လို့ ကတိပြုခဲ့တဲ့ နေ့ကစပြီး ဒီနေ့အထိ အချိန်တွေ ရပ်မနေခဲ့တာတော့ သေချာတယ်။ ဒါပေမယ့် ဂရုစိုက်မှုတွေက ဘာလို့များ ရပ်သွားရတာလဲ။ အလေးထားမှုတွေကရော ဘယ်လိုများ ပျောက်ကွယ် သွားရတာလဲ။ ချစ်ခြင်းမေတ္တာကရော အရင်ကတည်းက ရှိနေခဲ့တာ သေချာရဲ့လား။

ဒီဘဝမှာ နေ မပျော်တော့ဘူး ဆိုရင် မင်း စိတ်တိုင်းကျ ဘယ်တော့မှ မဆုံချင်တော့တဲ့ ရည်ရွယ်ချက်နဲ့ နှုတ်ဆက်လို့ ရတယ်။

ပျော်စရာတွေ ရှိတဲ့ အခါ လွယ်လွယ်ကူကူ လိုက်ပျော်ပေးလို့ ရနိုင်ပေမယ့် ဝမ်းနည်းစရာတွေ ရှိလာတဲ့အခါ ညာလို့ မရဘူးလေ။

မင်း .. ပင်ပန်းပါတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments