
အတန်းချိန် ပြီးတဲ့အခါ အအေးဆိုင်လေးထိုင်..၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၊ တောရောက် တောင်ရောက် ပြောကြရင်း စကားနိုင်လု၊ အိမ်ပြန်ချိန်တွေလည်း တူခဲ့ ကြဖူးတယ်။ အဲ့ဒီတုန်းက တစ်ခုခုနဲ့ ဝေးသွားသလို ခံစားချက်မျိုးက မြို့ထဲရောက်လို့ နောက်တစ်ဆင့် ကားခွဲစီးရတဲ့ အချိန်မှာပဲ ရှိခဲ့တယ်။ ဒီလိုနေ့တွေလို မဟုတ်သေးဘူး။
ကိုယ်က ဂရုတစိုက် ကြည့်နေတဲ့ အချိန်မှာ သူ ပြန်မကြည့်တာကို နားလည်ပေးနိုင်တယ်။ ဒါပေမယ့် ကိုယ်မသိတဲ့ အချိန်တွေမှာ သူပြန်ကြည့် နေခဲ့မယ်ဆိုရင်တော့ နောင်တ ရရလိမ့်မယ်။
တစ်ဖက်က နည်းနည်းလေး လျှော့ပေးရင် တစ်ဖက်က နည်းနည်းလေး ဖြစ်ဖြစ် ပိုနိုင်ချင်တယ်။ တစ်ဖက်က တွဲလက်ကို ကမ်းပေးရင် တစ်ဖက်က မသိချင်ယောင် ဆောင်ထားတတ်တယ်။ သူက မာနပြိုင်တယ်၊ ကိုယ်က အရှုံးတွေ ရခဲ့တယ်။
အတိတ်တွေက မရိုးရှင်းခဲ့တော့ မျက်နှာချင်းဆိုင် ပြန်တွေ့ရတဲ့ အချိန်မှာတောင် တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြဖို့ အတော်လေး အား ယူနေရတယ်။ နှုတ်ဆက်ချင်တဲ့ ကိုယ့်မှာ အကြောင်းပြချက်တွေ အမြဲ ရှိနေခဲ့ပါတယ်။ သူ ပြောင်းလဲနေ လောက်ပါပြီ။ ကိုယ်ကလည်း ပြိုင်တာကို မနှစ်သက်ဘူး။
အဆင်ပြေလား မေးကြည့်တဲ့အခါ သူက ခေါင်းငြိမ့်တယ်။ ပြီးတော့ အမှန်ပြောတာလို့ ထပ်ပြောသေးတယ်။ ကိုယ်လည်း ပြန်လှည့်မလို့ အထွက် …၊
သူ့ ကို မမေ့သေးဘူးမလား လို့ လှမ်းမေးတယ်။ အပြုံးနဲ့ အကြည့်က သူနိုင်တယ်ဆိုပြီး ထပ်ခါထပ်ခါ ပြောနေတယ်။
ဒီလိုနဲ့ … ကိုယ်လည်း ညာခဲ့ရတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments