အလွမ်းအရသာ

Person Sitting on Bench Under Tree
လွမ်းတယ် ဆိုတာ အရသာ တစ်ခုတော့ ရှိတယ်ဗျ။ တချို့ကျ အဖီးလ်တစ်လိုင်း ဆိုပီး တံဆိတ် ကပ်တယ်။ လွမ်းနေရရင်ကို ကျေနပ် နေတဲ့သူမျိုပေါ့။ လွမ်းရတာ ပျော်စရာ ကောင်းတယ်လို့တော့ မပြောလိုပါဘူး။ လွမ်းနေရရင် စိတ်ချမ်းသာနေတဲ့ သူတွေလည်း ရှိတယ်။

ဒီဘက်ခေတ်မှာ အချိန်ဖြုန်း စရာတွေ များလာတယ်။ လုပ်စရာ အလုပ်တွေ ပြီးသွားခဲ့ရင် အချိန်တွေ ကျန်တယ်။ တချို့ကျ ပိုနေတဲ့အချိန်တွေမှာ တစ်စုံတရာပညာရပ်ကို ထပ်လေ့လာတယ်။ စာဖတ်တာတို့ ဘာတို့ လုပ်တယ်။ အဲ့တာတွေ မလုပ်ချင်ရင်တောင် ဂိမ်းတွေ ဘာတွေ ဆော့လို့ရသေးတယ်။ ဒီလိုနည်းတွေက အချိန်ကို ကုန်ဆုံး စေနိုင်ပေမယ့် နေ့တိုင်းလိုလို ဖြစ်လာတဲ့အခါ ရိုးလာတယ်။

တစ်ခါတလေ ဘာမှ လုပ်စရာ မရှိတော့တဲ့ အခိုက်အတန့်မျိုး ကြုံဖူးတယ်။ ကျွန်တော်ကတော့ အဲ့ဒီလို အချိန်တွေမှာ ကော်ဖီ တစ်ခွက်နဲ့ ထိုင် လွမ်းတော့တာပဲ။ လွမ်းတယ်ဆိုတာ အကောင်အထည် ပြလို့ မရပေမယ့် အဓိပ္ပါယ်တော့ ရှိတယ်။ ဘယ်လို အဓိပ္ပါယ်လဲဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။

ဓာတ်ပုံ အဟောင်းလေးတွေ ပြန်ကြည့်တယ်။ ဓာတ်ပုံဆိုတာ အတိတ် ဖြစ်ရပ်တစ်ခုကို ပုံရိပ် အနေနဲ့ ရပ်ထားတဲ့ အခိုက်အတန့်ပဲ။ အတိတ် ဇာတ်လမ်းလေးတွေဆီကို ပြန်ရောက်သွားစေတယ်။ ကြည်နူးစရာ အခိုက်အတန့်လေးတွေ ပြန် ခံစားလို့ ရတယ်။ အတိတ်ဆိုတာ နာကျင်စရာ ကောင်းသည် ဖြစ်စေ၊ ကြည်နူးစရာ ကောင်းသည် ဖြစ်စေ၊ အချိန် တစ်ခုကြာသွားရင်တော့ လွမ်းစရာ ဖြစ်လာနိုင်ပါတယ်။

သီချင်း အဟာင်းလေးတွေ ပြန်နားထောင်ပြီး လွမ်းရတာလည်း အထာကျတယ်။ သီချင်းဟောင်း တစ်ပုဒ် နားထောင်တိုင်း တစ်ယောက် ယောက် တော့ မျက်စိထဲ ပေါ်လာစမြဲ။ အဖြစ်အပျက်တစ်ခုတော့ အာရုံထဲ ရောက်လာစမြဲ၊ အလွမ်း ဓာတ်ခံရှိနေတဲ့သူဆို အတိတ်က ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေတောင် အမှတ်တရ တစ်ခုအနေနဲ့ ကြံဖန် အမှတ်ရပြီး လွမ်းနေတတ်တယ်။

ကျွန်တော့် အကျင့်က ကြုံခဲ့၊ ဆုံခဲ့ အဖြစ်အပျက် တော်တော် များများကို စာအနေနဲ့ ရေးထားတတ်တဲ့ အလေ့ အကျင့် ရှိတယ်။ အဲ့အကျင့်ကြောင့် လွမ်းစရာတွေ သိပ်များနေတယ်။ တစ်ပိုင်းတစ်စ စာသားတွေနဲ့ အဖြစ်အပျက် စာတိုလေးတွေ ကျွန်တော် မှတ်စု ထဲမှာ အပြည့်ပဲ၊ ဒီထဲမှာ ဇာတ်လမ်းတွေ ရှိတယ်။ မှတ်တမ်းတွေ ရှိတယ်။ နာကျင်စရာနဲ့ ကြည်နူးစရာ ရောနေတယ်။ ဖတ်တိုင်းတော့ လွမ်းနေရဆဲ ..၊

ကျွန်တော်တို့ မျိုးဆက်က ရည်းစားစာ ပေးတဲ့ ဖတ်တဲ့ နောက်ဆုံး မျိုးဆက် ဖြစ်မလာတော့ မသိ၊ အခုနောက်ပိုင်း ချာတိတ်တွေ မပေးကြဘူး။ ငယ်ငယ်က ရေးခဲ့ဖူးတဲ့ ရည်းစားစာလေးတွေ ပြန်ဖတ်ပြီး လွမ်းရတာလည်း ကြည်နူးစရာပဲ။ ကိုယ်ရေးပေးတဲ့ စာနဲ့ အဆင် ပြေသွားတဲ့ အတွဲတွေ အကြောင်း တွေးမိရင် ကြည်နူး မိသလို၊ ကိုယ်တိုင်ရေးပီး ပေးကာမှ အဆင်မပြေတဲ့ နတ်သမီးတွေကိုလည်း လွမ်းရပြန်ရော။

အလွမ်းက ရာသီဥတုအပေါ် မူတည်ပြီးလည်း အလိုက်သင့် တုံ့ပြန်သေးတယ်။ မိုးရာသီဆို လွမ်းဖို့ သိပ် ကောင်းတယ်။ လူတိုင်းလိုလို မိုးရေထဲမှာလည်း အမှတ်တရ အများစု ရှိခဲ့မှာပဲ။ မိုးရွာတဲ့အခါ ပြုတင်ပေါက်ကနေ မိုးရေးစက်တွေကို ကြည့်လိုက်၊ ဘာမှန်းမသိဘဲနဲ့ကို လွမ်းရလောက်အောင် အလွမ်း ဓာတ်က ပြင်းလွန်းတယ်။ အဲ့ဒီအချိန် လွမ်းစရာ တစ်စုံတစ်ခုသာ စိတ်ထဲပေါ်လာနိုင်ရင် အဲ့ဒါဟာ အလွမ်းဆုံး ဖြစ်လာနိုင်တယ်။

လွမ်းတယ်ဆိုတာ ချစ်စရာကောင်းတဲ့ အမူအကျင့် တစ်မျိုးပဲ။ ဘယ်သူ့ကိုမှ မထိခိုက်စေဘူး။ အန္တရာယ်လည်း မရှိ၊ စွဲတော့ စွဲတယ်။ လေးနက်ခြင်းရဲ့ နောက်ဆက်တွဲ၊ ကြင်နာခြင်းရဲ့ ရလဒ် လို့ လက်ခံထားသလို ကောင်းခြင်း တစ်မျိုးလို့လည်း ခံယူထားတယ်။ အခုအချိန်မှာတော့ လွမ်းတတ်အောင် သင်ပေးခဲ့သူ အားလုံးကို ကျေဇူးတင်မိသလို၊ လွမ်းတတ်တဲ့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်မိတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments