
မင်းနဲ့ ပတ်သက်တဲ့ လူတိုင်းကို ဘယ်လိုလူမျိုးလဲဆိုတဲ့ အလိုလျောက် သတ်မှတ်ချက်တွေ မင်းရဲ့ မသိစိတ်ထဲမှာ ရှိတယ်။
အပေါ်ယံ အမြင်တွေနဲ့ လွယ်လွယ် သတ်မှတ်ထားတယ်လို့ ယူဆလား။ နေ့တိုင်းလိုလို မြင်ရ၊ ကြားရ၊ သိရတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေအပေါ် မူတည်ပြီး မသိစိတ်ထဲမှာ အလိုလျောက် သတ်မှတ်သွားတာ။ ပြောင်းလဲဖို့ သိပ်ခက်တဲ့ သတ်မှတ်ချက်တွေ ဆိုလည်း ဟုတ်တယ်။
မင်း ဘယ်လို လူစားမျိုးလဲ ဆိုတာ မင်း ထိုင် ရှင်းပြရင် နားထောင်ပေးကောင်း နားထောင်ပေးလိမ့်မယ်။ ဒါပေမယ့် မင်းနဲ့ ပတ်သက်တဲ့ အမြင်တွေ ယူဆချက်တွေကတော့ လွယ်လွယ် ပြောင်းလဲသွားမှာ မဟုတ်ဘူး။
အဲ့ဒါကို ပုံရိပ်လို့ ခေါ်တယ်။ တကူးတက ဖန်တီးထားတာ မဟုတ်ဘူး။ အပြုအမူတွေ၊ အပြောအဆိုတွေကနေ အလိုလျောက် ဖြစ်တည်လာတာ။ အမြဲတမ်း အရိပ်တစ်ခုလို အနောက်မှာ ရှိနေလိမ့်မယ်။
မင်းက တစ်ယောက်တည်း ဘာမှမလုပ်ဘဲ နေမယ့်သူလား၊ ဒါဆိုရင်တော့ လူတွေ ဘယ်လိုမြင်မြင် ပြဿာနာ မရှိဘူး။
လူတစ်ယောက်က မင်းနဲ့ ပတ်သက်ချင်လား၊ မပတ်သက်ချင်ဘူးလား .. ဘယ်အရာက ဆုံးဖြတ်ပေးလဲ ဆိုတော့ သူ့စိတ်ထဲမှာ မင်းနဲ့ပတ်သက်ပီး ဘယ်လိုမြင်ထားလဲ ဆိုတဲ့ အပေါ် မူတည်တယ်။
လူတွေနဲ့ ဆက်ဆံရမယ့် လုပ်ငန်းတွေ လုပ်ရတော့မယ်၊ ပတ်ဝန်းကျင်နဲ့ ပတ်သက်ရတော့မယ် ဆိုရင်တော့ မင်းကို လူတွေ ဘယ်လို မြင်လဲ ဆိုတဲ့ အရာက အရမ်း စကား ပြောတယ်။ တစ်နည်းအားဖြင့် ယုံကြည်လို့ ရလား၊ မရလားပေါ့။
မင်းကို ဘယ်သူကမှ မပတ်သက်ချင်ရင် မင်းရဲ့ Network ကလည်း ဘယ်တော့မှ ကျယ်ပြန့်လာတော့မှာ မဟုတ်ဘူး။
အပြုအမူတွေ၊ အပြောအဆိုတွေကြောင့် ကိုယ့်ကို ဘယ်လို လူမျိုးလဲ ဆိုတဲ့အရာပေါ် ဘယ်တော့မှ အထိခိုက် မခံသင့်ဘူး။ ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းမှာ မလိုလားအပ်တဲ့ အခက်အခဲတွေနဲ့ ရင်မဆိုင်ချင်ဘူး ဆိုရင်ပေါ့။
အတိတ်က အပြုအမူတွေ အပြောအဆိုတွေကြောင့် အခုချိန်မှာ မျက်နှာ မပြနိုင်တဲ့ သူတွေ ရှိတယ်။ အတိတ်ဆိုတာ အတိတ်မှာပဲ ရှိနေလိမ့်မယ်လို့ မင်း .. ထင်လား။ အတိတ်ရဲ့ လောင်းရိပ်ကြောင့် အခုချိန်မှာ ခပ်ကင်းကင်း ရှောင်ဖယ်ခြင်း ခံနေရတဲ့သူတွေ အများကြီးပဲ။
မသိစိတ်ထဲမှာ မကောင်းတဲ့ သတ်မှတ်ချက်တွေက အမြစ်တွယ်နေပြီ။ လွယ်လွယ်နဲ့ ပြန်တည်ဆောက်ဖို့ ခက်တယ်။ ကြိုးစားပြီး ပြန်တည်ဆောက်မှ ရလိမ့်မယ်။ ဒါတောင် အချိန်တစ်ခု ပေးရဦးမယ်။
မင်းနဲ့ ပတ်သက်တဲ့ လူတိုင်းကို … ဘယ်လို လူစားမျိုးလဲ ဆိုတာ မင်း စိတ်ထဲ အလိုလျောက် ခံစားမိတယ် မဟုတ်လား။ စကားလုံးတွေနဲ့ မပြော တတ်ရင်တောင်ပေါ့။ ဒီလိုပဲ .. မင်းဘယ်လို လူစားမျိုးလဲ ဆိုတာကိုလည်း မင်းနဲ့ ပတ်သက်တဲ့ လူတိုင်းက သူတို့ရဲ့ မသိစိတ်ထဲမှာ သတ်မှတ်ထားပြီးသားပဲ။
လူတွေရဲ့ အမြင်ကို ဂရုမစိုက်တတ်ရင်တောင် လူတွေရဲ့ အမြင်မှာ မင်းက လူကောင်း တစ်ယောက် ဖြစ်နေတဲ့အခါ မင်းကို ရှောင်ဖယ်ထားမှာ မဟုတ်ဘူး။
လူတွေရဲ့ အမြင်ကြောင့် စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။ ဒါပေမယ့် နားထောင်နေဖို့တော့ လိုလိမ့်မယ်။ အနည်းဆုံး မင်းအတွက် ဘာဆက်လုပ်ရမလဲ စဉ်းစားလို့ ရတာပေါ့။ လူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘူးဆိုပြီး ပေါက်ကရတွေ လုပ်နေဖို့တော့ မသင့်ဘူး မဟုတ်လား။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments