စက္ကူဖြူဖြူ၊ မှင်ရည်နက်နက်

white-paper-deep-ink

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်၊ သောကြာနေ့ … ဒီအကြောင်းအရာတွေ အစပြုခဲ့တဲ့ နေ့ပေါ့။

ကျောင်းစာကြည့်တိုက်က သောကြာနေ့ဆို စာအုပ် ငှားခွင့်ပြုတယ်။ အဲ့ဒီနေ့ဆို စာအုပ်တွေကို ခုံပေါ်မှာ ခင်ကျင်း ထားပေးတယ်။

စာကြည့်တိုက် ကတ်လေးကို ငှားချင်တဲ့ စာအုပ်ပေါ်  တင်ပေးရတယ်။ တာဝန်ကျတဲ့ ဆရာမက ကတ်နောက်ကျော မှတ်တမ်း ဇယားမှာ စာအုပ်နာမည်ရယ်၊ နေ့စွဲရယ် ရေးတယ်။ ပြီးရင် ကတ်ကို စာကြည့်တိုက်က သိမ်းထားလိုက်ပြီး စာအုပ်ကို ငှားတယ်။

ဆယ်တန်းဆောင် ကနေ ဆင်းလာရင် ညာဘက်ခြမ်းမှာ စာကြည့်တိုက်၊ ဘယ်ဘက်ခြမ်းမှာ မုန့်ဈေးတန်း ရှိတယ်။ သောကြာနေ့ဆို စာကြည့်တိုက်မှာ ကျောင်းသား များတယ်။ တစ်ပတ်မှာ တစ်ရက်ပဲ စာအုပ် ငှားတာကိုး…။

ခင်ကျင်းထားတဲ့ စာအုပ်တွေထဲမှာ သုတရော ရသရော အစုံပါတယ်။ “အထပ် နံပါတ် - ၁၃” နာမည်ကတော့ မှော်လိုလို သရဲလိုလို ဝတ္ထုဖြစ်ဖို့ များတယ်။ တကယ်ဆို ကျနော် ဒီလို ဝတ္ထုတွေ ဖတ်လေ့ မရှိပါဘူး။ ဒီတစ်ပတ်ထဲ စာမေးပွဲကလည်း ဖြေထားရ၊ စာကလည်း သိပ်ရတာ မဟုတ်၊ ဒီအခြေအနေတွေကို မေ့ထားချင်တယ်လေ ..။ ဒီစာအုပ်လေးနဲ့ ပိတ်ရက် ကို ဖြတ်သန်းရမယ်။

စာကြည့်တိုက် ကတ်လေးကို စာအုပ်ပေါ်  တင်လိုက်တဲ့အချိန် …၊

“တီချယ် … သမီး ....”

ရုတ်တရက် မြင်ကွင်းထဲ ဝင်လာတဲ့ လက်ကလေး …။ စာအုပ် တစ်အုပ်တည်းကို စာကြည့်တိုက် ကတ် ၂ ကတ်ကို တင်မိ လျက်သား ..၊ စာအုပ်လုမယ့် တစ်ယောက်တော့ ပေါ်လာပီလို့ တွေးမိတယ်။

အသားဖြူဖြူ ဆံပင် တိုတိုနဲ့ ကောင်မလေး …၊ မျက်နှာကလည်း ပြည့်ပြည့်လေး၊ ကျောင်းမှာ ပါးကွက် ကွက်လို့ မရတော့လည်း သနပ်ခါးကို ပါးပါးလေး လိမ်းထားတယ်။

နောက်တစ်ခေါက်မှပဲ ဒီစာအုပ်ကို ငှားတော့မယ်လို့ တွေးပြီး ကျနော်လည်း ကျနော့ စာကြည့်တိုက် ကတ်ကို ကိုယ့်ဘာသာပဲ ပြန်ဖယ် ပေးလိုက်တယ်။ သူ့ကို ကြည့်တော့ မျက်နှာ လွှဲသွားsတယ်။ စာကြည့်တိုက်ကနေ ကျနော် ထွက်လာတဲ့အချိန် ရှေ့ကို လှမ်း ကြည့်လိုက်တော့ မုန့်ဈေးတန်းကို ခုမှ သွားတဲ့ ကျောင်းသားတွေနဲ့ မုန့်ဈေးတန်းကနေ ပြန်လာတဲ့ ကျောင်းသားတွေ အများကြီးပဲ …။  စီနီယာကိုလည်း ငေးချင်တယ် ဂျူနီယာကိုလည်း ငေးချင်တယ် ဆိုရင်တော့ မုန့်ဈေးတန်းက ကျောင်းထဲမှာ အကောင်းဆုံး နေရာပါပဲ။

“ဟိုတစ်ယောက် …”

အနောက်က ထွက်လာတဲ့ အသံကြောင့် လှည့်ကြည့် လိုက်တော့ ခုနက စာကြည့်တိုက်ထဲမှာ စာအုပ်လုတဲ့ ငတိမ ….၊

ဘာလဲ.. ပြော … ဆိုတဲ့ မျက်နှာ ပုံစံနဲ့ မျက်ခုံး ပင့်ပြပြီး ကျနော်လည်း ရပ်နေလိုက်တယ်။ လက်ထဲမှာ ခုနက စာအုပ်ကို ကိုင်ထားတယ်။

 “ရော့….”

“ဟာ … ဘာဖြစ်လို့လဲ”

ကျနော် အတွက် အံ့ကြီးဩရတာပေါ့။ စာကြည့်တိုက် မှာတုန်းက အလျှော့မပေးခဲ့ဘဲ အပြင်ရောက်မှ သူက စာအုပ်လာ ပေးနေတယ်။

“နင် … လျှော့ပေးလိုက်လို့ ရတာကြီးက…ငါ့အတွက်”

“ဘာဖြစ်တယ်..”

ရုတ်တရက် ကျနော် စိတ်ထဲ အတော့်ကို နင့်သွားတယ်။ ကိုယ်က သူ့အတွက် စဉ်းစား ပေးခဲ့တာတောင် သူက သူ့အတွက်ပဲ စဉ်းစားနေတုန်း…။ လွန်ခဲ့တဲ့ မိနစ်ပိုင်း လောက်ကမှ သူ့ကို သိပေမယ့် အခု စက္ကန့်ပိုင်း အတွင်း ကျနော့ အတွေးထဲက ခင်ကြီးကျယ် စာရင်း ဝင်သွားပြီ။ ဒီလို ထင်မထားတဲ့ တုံ့ပြန်မှုမျိုးက အတော်လေး အဆင်မပြေဘူး။

“သူများ‌ လျှော့ပေးတာ .. မလိုချင်ရင်လည်း အရင် လျှော့ပေးလိုက်လေ”

ရင်ဝ တည့်တည့်ကို အကန်ခံလိုက်ရသလို … အောင့်သက်သက် ခံစားလိုက်ရတော့ ကျနော်လည်း စိတ်တိုသလို ဖြစ်သွားတယ်။ တကယ်တော့ သူက ကျနော် အလျှော့ပေးဖို့ထက်၊  အနိုင်အနေနဲ့ပဲ ယူချင်တာမျိုး ဖြစ်မယ်။

“ငါ စဉ်းစားနေတုန်းရှိသေးတာ … နင်က ထွက်သွားတာ”

သူ့ကြည့်ရတာ လူတစ်ယောက်ကို အလျှော့ပေးဖို့ တော်တော်လေး စဉ်းစားနေရတယ်။ ပုံသေနည်း အမျိုးမျိုးကို သုံးပြီး အဖက်ဖက်က တွက်ချက်နေတာ ဖြစ်မယ်။ သာ၏ မသာ၏ပေါ့။

“ငါက နင့်လို အနိုင်တွေ အရှုံးတွေ တွက်မနေဘူးလေ”

ကျနော့်အတွက်တော့ လူတစ်ယောက်ကို အလျော့ပေးဖို့ အများကြီး စဉ်းစားမနေဘူး။ အတိုက်အခံ မဖြစ်ချင်သလို ဘာမှလည်း မထိခိုက်နိုင်ဘူးလေ။ ကိုယ်လည်း ဘာမှမဖြစ်သလို တခြားလူ အတွက်လည်း ပိုအဆင်ပြေသွားနိုင်တဲ့ အခြေအနေမှာ ကျနော် ဘာတွေများ တွေးနေဖို့ လိုမလဲ။

တစ်ခါတလေ ခြေလှမ်းတွေကို နောက်ဆုတ် လိုက်တာကလည်း အဆင်ပြေတယ်။

“နင် .. စာအုပ်ကို ယူမှာလား ..?”

သူ ကျနော့်ကို မေးတယ်။

“မယူပါဘူး … နင်က ဒီစာအုပ်ကို အရမ်း ဖတ်ချင်နေတဲ့ပုံပဲ … အဲ့ဒါကြောင့် နင်ပဲ ဖတ်ပါ နောက်တစ်ပတ်ကျမှပဲ … ငါဖတ်တော့မယ်“

အခုလို ပြောလိုက်တော့ သူလည်း ကျေနပ်သွားပုံရတယ်။ အပြုံးလေး တစ်ခုနဲ့ ဆယ်တန်း ဆောင်ဘက်ကို ပြန်လှည့်သွားတယ်။ ကျနော့ကို နှုတ်တောင် ဆက်မသွားဘူးလို့ တွေးနေတုန်းရှိသေး ချက်ချင်း ပြန်လှည့်လာပြီး .

“နင့်နာမည်က…”

“ဇင်ဖြိုး”

“ငါ့နာမည်ကော သိချင်သေးလား?””

“အင်း .. “

“စုံစမ်းပေါ့ .. ဟီး…”

အပြုံလေးက အသက် …။  မကျေနပ် ပေမယ့်လည်း ပါးစပ် အဟောင်းသားလေးနဲ့ ကျနော် ကျန်နေခဲ့ရတယ်။ စာအုပ်လေးကို ကိုင်ပြီး လှမ်းသွားတဲ့ သူ့ ခြေလှမ်းတွေက အတော်လေး ပေါ့ပါးနေတယ်။ မသိတဲ့ လူ တစ်ယောက် အဝေးကနေ ကြည့်ရင်တောင် သိနိုင်တယ်။

ဘယ်သူမှန်းလည်း မသိသလို ဘယ်အခန်းကမှန်းလည်း မသိ။ အသားဖြူဖြူနဲ့ ဂျစ်ကန်ကန် ကောင်မလေးက ကျန်နေခဲ့တဲ့ ကျနော့အတွက် မေးခွန်းလေးတွေ ချန်ထားခဲ့တယ်။

အလျှော့ပေး တာကလည်း အနိုင်ယူခြင်း တစ်မျိုးလား?

သူကိုယ်တိုင်ကပဲ တစ်ခုခုဆို ရှုံးသွားမှာ အကြောက်လွန် နေတာမျိုးလား။

အဲ့ဒီအချိန်မှာပဲ ခုနက ပြောတဲ့ “နင် … လျှော့ပေးလိုက်လို့ ရတာကြီးက…ငါ့အတွက်” ဆိုတဲ့ စကား နားထဲ ပြန်ကြားယောင်…။  မရှုံးချင်တဲ့ ကောင်မလေး၊ ကြံဖန်ပြီး အနိုင် အရမ်း ယူနေချင်တဲ့ ကောင်မလေးရေ .. အရှုံးတွေထဲ ရောက်နေတဲ့ လူ တစ်ယောက်နဲ့ ဆုံခဲ့ရတာကိုရော .. သိရဲ့လား။
___________________

 ■ စက္ကူဖြူဖြူ၊ မှင်ရည်နက်နက် (၂)

အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ဘယ်သူတွေကို သတိရတတ်လဲ။ အနားမှာ ရှိနေတဲ့ လူတွေကိုလည်း သတိရနိုင်သလို အဝေးကို ထွက်သွားတဲ့ လူတွေကိုလည်း သတိရနိုင်တယ်။ စိတ်တွေ မတည်မငြိမ် ဖြစ်နေရင်တော့ ကိုယ့်ကို အနိုင်ယူသွားတဲ့ လူတွေ အကြောင်းပဲ တွေးမိနေလိမ့်မယ်။

ကျနော် သူ့ကို အရမ်းကြီး မကျေမနပ် ဖြစ်နေတာတော့ မဟုတ်ဘူး။ နောက်တစ်ခါ ပြန်ဆုံချင် မိသလို တစ်ခါ တလေတော့လည်း ရင်မဆိုင်ရဲတော့သလို ကြောက်နေမိတယ်။

အဖြူအစိမ်းတွေ ကြားထဲမှာ သူများ ပါလာလေမလား၊  တွေ့တဲ့အခါ ဘာပြောမှာလဲ မေးရင် ကျနော့်မှာ အဖြေမရှိဘူး။ အကြောင်းပြချက် မရှိဘဲ ခြေလှမ်းတွေကို မလှမ်းရဲတဲ့အခါ တိုက်ဆိုင်မှုတွေကိုပဲ မျှော်လင့်နေမိတယ်။

ကျနော်က သူ့ အကြောင်းတွေးမိ နေပေမယ့် သူကတော့ ဘယ်သူ့ကို ဘယ်လို အနိုင်ယူရမလဲပဲ တွေးနေမယ် ထင်ပါတယ်။ တနင်္လာနေ့ ကျောင်းပြန်ဖွင့် ကတည်းက တစ်ရက်ပြီး တစ်ရက် ကုန်လွန်လို့  အခု သောကြာနေ့ကို ပြန်ရောက်လာခဲ့ပြီ။ ခြေရာဖျောက်နိုင်လွန်းပါလား …၊

ဇီဝဗေဒ စာအုပ်လေးကို ထုတ်လိုက်ပြီး ညှပ်ထားတဲ့ စာကြည့်ကတ်ကို ယူမလို့ လုပ်တော့ ကတ်က မရှိ …။ မနေ့ ညနေက စာကျက်တော့ ကတ်ကို အပြင်မှာ ခဏထားလိုက်ပြီး ပြန်ထည့်ဖို့ မေ့နေခဲ့တာ သတိရသွားတယ်။

“စာကြည့်တိုက် ကတ်မပါလို့လား”

ဘေးနာက သူငယ်ချင်းက မေးတယ်။

“အေး ..”

“ငါ့ကတ် … သုံးလေ”

နာရီကို ကြည့်တော့ ၁၁ နာရီ ၄၀ မိနစ် ကျောင်းတက်ဖို့ မိနစ် (၂၀) အလိုပေါ့။

တော်တော် များများက စာကြည့်တိုက်ကို ကျောင်းလွှတ် လွှတ်ချင်း သွားပြီး စာအုပ်ငှားကြတာဆိုတော့ အရင် တစ်ပတ်က စာအုပ် ပြန်ရဖို့  မသေချာပါဘူး။ ဒါပေမယ့် သူနဲ့များ ဆုံဦးမလား မျှော်လင့်ချက် ပါးပါးလေးနဲ့ပေါ့။

တိုးဝှေ့ပြီး စာအုပ် ငှားနေကြတဲ့ ကျောင်းသားတွေ ကြားထဲမှာ သူ့ကို မတွေ့မိဘူး။ မျှော်လင့်သလို မတွေ့ရတော့ မုန့်ဈေးတန်းဘက်ကို ထွက်လာလိုက်တယ်။ ကျောင်းတက်ခါနီးမှပဲ ပြန်တက် မယ်လို့ စဉ်းစားရင်း ကော်ဖီအေးလေး တစ်ခွက်နဲ့ မြေညှိ လက်စ ကျောင်း ဘောလုံးကွင်းကြီးကို ငေးလိုက်၊ အဖြူအစိမ်းတွေ ကြားထဲမှာ သူ့ကို ရှာလိုက် …၊ အချိန်က (၁၁) နာရီ (၅၅) မိနစ်။

ကျောင်း ပြန်တက်ဖို့ (၅) မိနစ်ပဲ လိုတော့တယ်။ ကျနော် လက်လျှော့ လိုက်ပါပြီ။ ဒီကျောင်းကြီးက ဘယ်လောက်များ ကျယ်လို့လဲ။ အလွန်ဆုံး နောက်တစ်ပတ် သောကြာနေ့ပေါ့။

ကျနော် အပေါ်ထပ်ကို မတက်ခင် အောက်ထပ်က အခန်းဝတွေဆီ ငေးလိုက်သေးတယ်။ A,B,C,D စတဲ့ အခန်းတွေက အောက်ထပ်မှာ ရှိတာကြောင့်ရယ် သူပုံစံကလည်း စာတော်မယ့် ပုံစံလေးလို့ စိတ်ထဲခံစားမိတာ ကြောင့်ရယ်ပေါ့။ ကျောင်းတက်ခါနီးဆိုတော့ ဘယ်သူမှ အပြင် ထွက် မလာကြတော့ဘူး။

ပြီးတော့ ကျနော်လည်း ခပ်မြန်မြန် ပြေးတက် သွားလိုက်တယ်။ ကျောင်းတက် တက်ချင်း အချိန်က ဇီဝဗေဒ အချိန်၊ အလွတ် ရေးရမယ်။ စာလုံးပေါင်းတွေ မှားပြီး ဟိုကျန် ဒီကျန်နဲ့ ကြိမ်လုံး အချက်ရေ နည်းပါစေလို့ပဲ ဆုတောင်း ရမယ်။ ဒါပေမယ့် ကျနော့အတွက် ဒါက … ထုံးစံလို ဖြစ်နေပါပြီ။

အတန်းထဲ ရောက်တော့ လူစုံသလောက် ဖြစ်နေပြီ။ ကျောင်းတက်ခါနီးပြီကိုး …။

ကျနော် မျက်စိ မှားသလားတောင် ရုတ်တရက် ထင်မှတ် သွားတယ်။ ကျနော် ထိုင်တဲ့ နေရာမှာ စာအုပ်လေး တစ်အုပ် ရောက်နေတယ်။ “အထပ်နံပါတ် - ၁၃” စာအုပ်။

“ဟေ့ရောင် .. ဒီစာအုပ်က ဘယ်လို…”

“ဪ … ကောင်မလေး တစ်ယောက် လာပေးသွားတာ … ဇင်ဖြိုးကို ပေးပေးပါတဲ့”

“ဟာ …”

ကျနော် စိတ် အတော် လှုပ်ရှား သွားတယ်။ စာအုပ်ကို လာပေးသွားတာ သူပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ချက်ချင်း ဆိုသလို ကျနော် တွေးမိတယ်။ တကယ်တော့ သူက ခြေရာ ဖျောက်နေခဲ့တာ မဟုတ်ဘဲ ကျနော် ကိုယ်တိုင်က ခြေရာဖျောက် သလို ဖြစ်နေခဲ့တာလား။ ကိုယ့်ကိုယ့်ကို အပြစ် နည်းနည်း မြင်လာတယ်။

အတွေး နယ်ချဲ့မလို့ ရှိသေး၊ ခေါင်းလောင်းသံက လွင့်ပျံ လာတယ်။ ဪ …. ဇီဝဗေဒ လာတော့မယ်။

ကျောင်းသင်ပုန်းကို ကြည့်ပြီး ခုံပေါ်မှာ စာရေး နေရပေမယ့် စိတ်က ကျောပိုးအိတ်ထဲက စာအုပ်ဆီပဲ ရောက်နေတယ်။ သူကိုယ်တိုင် လာပေးသွား တာလားပေါ့။ စာအုပ် လာပေးသွားတဲ့ ကောင်မလေးရဲ့ ပုံပန်း သဏ္ဍန်ကို ဘေးနားက သူငယ်ချင်းဆီမှာ တစ်ချိန်လုံး မေးနေမိတယ်။

သူငယ်ချင်းပြောတဲ့ ပုံစံအရဆို သူပဲ ဖြစ်လိမ့်မယ်လို့ စိတ်ထဲ တွေးမိတယ်။ အချိန်တွေ တစ်ချိန်ပြီး တစ်ချိန် ကုန်သွားတဲ့အခါ ကျောင်းလွှတ် ခေါင်းလောင်းသံက နားထဲကို တလွင့်လွင့် ပျံ့လာတယ်။ အိမ်အပြန်လမ်းမှာ ပျော်စရာရော တွေ့ချင်တဲ့သူကို မတွေ့လိုက်ရတဲ့ အတွက် စိတ်မကောင်းစရာပါ ရောထွေးနေတယ်။

အိမ်ပြန်ရောက်တော့ ကျောပိုအိတ်ကို စာကြည့်ခုံမှာ ထားလိုက်ပြီး “အထပ်နံပါတ် - ၁၃” စာအုပ်ကို ထုတ်ကြည့်မိတယ်။ သူ့မျက်နှာလေးကို ပြန် မြင်ယောင်လာတယ်။ မသေချာ ပေမယ့်ပေါ့ …။

စာအုပ်ကို လှန်ကြည့်တော့ စာရွက်တွေ ကြားထဲမှာ တစ်ခုခု ညပ်ပါလာသလို …၊ ဟုတ်ပါတယ်။ စာရွက်ကလေး (၂) ရွက်၊ တစ်ချက်စီ ခေါက်ထားတယ်။

ပထမ တစ်ရွက်ကို ဖြန့်ကြည့်လိုက်တော့  စာတိုလေးတွေ နည်းနည်း ရေးထားတယ်။ လက်ရေးက လောလောနဲ့ ရေးထားတဲ့ ပုံစံ ..၊ ဒီနေ့ နေ့စွဲ တပ်ထားတယ်။


■_■_■_■_■

၂၄.၇.၂၀၁၄

ငါဒီနေ့ ကျောင်းလွှတ်လွှတ်ချင်း စာကြည့်တိုက်ကို သူငယ်ချင်းနဲ့ ရောက်တော့ နင့်ကို မတွေ့ဘူး၊ ဒါပေမယ့် စာအုပ်ကို တွေ့တယ်၊ တခြားသူ ငှားသွားမှာစိုးလို့ ငါ ငှားခဲ့ပေးတာ … ကျောင်းဖွင့်တဲ့နေ့ကျ နင့်ဘာသာပဲ စာကြည့်တိုက်မှာ ပြန်အပ်လိုက်နော် … ကတ်ကိုတော့ နောက်တစ်ခါ ဆုံတဲ့အခါမှ ပြန်ပေးပါ

■_■_■_■_■


ကျနော် ပြုံးမိသွားတယ်။ မျှော်လင့်ထားခဲ့သလို သူ ဆိုတာ သေချာသွားတာပေါ့။ မဖတ်ရသေးတဲ့ နောက်ထပ် စာရွက်တစ်ရွက်လည်း ကျန်သေးတယ်။ ဝိုင်းစက်စက် လက်ရေးလေးနဲ့ စာကြောင်းလေးတွေ ဖန်တီးထားတယ်။

ဒီစာမှာ တပ်ထားတဲ့ နေ့စွဲကတော့ ဒီနေ့ မဟုတ်ဘူး။  ပြီးခဲ့တဲ့ စနေနေ့ ကတည်းက ရေးထားတာ။


■_■_■_■_■

၁၉.၇.၂၀၁၄


နင့်နာမည်ကျ မေးပြီး င့ါနာမည်ကို မပြောပြခဲ့လို့ စိတ်ဆိုးနေလား …၊ ဟီး ။ တခြား ကမ္ဘာက လာတဲ့ လူတစ်ယောက်လို အကြည့်မျိုးနဲ့ ငါ့ကို ကြည့်နေတာ ခံစား မိပါတယ်။ ငါ့အတွက်လည်း နင်က လူထူးဆန်း တစ်ယောက်ပဲ။

ငါ့ဘဝမှာ အရာရာတိုင်းကို ပြိုင်ခဲ့ရတာဟ .. အခုထိလည်း စာသင်ခန်းထဲမှာ အချိန်တိုင်းကို ပြိုင်နေရတာလေ …။ တစ်ယောက်နဲ့ တစ်ယောက် အလျှော့ပေးတယ်ဆိုတာ ငါတို့ အခန်းမှာ မကြားဖူးဘူး။ အပြိုင်အဆိုင်တွေနဲ့ ပြည့်နေတဲ့ ငါ့ဘဝမှာ ပျော်ရွှင်မှုဆိုတဲ့ အရာကလည်း အနိုင်နဲ့ပဲ အမြဲရခဲ့တာလေ..၊ ဒီတော့ ငါက နေရာတိုင်း နိုင်ချင်တယ်ဟာ ..။

စာအုပ်ကို နင် မလုဘဲ လျှော့ပေးလိုက်တာက ငါ့အတွက် ထူးဆန်းတယ်။ ငါက နင်နဲ့ လုရပြီ ထင်တာလေ။

ငါ့လို အရှုံးတွေ အနိုင်တွေ နင်က တွက်မနေဘူးလို့ ပြောတော့ ငါ အံ့ဩသွားတယ်။ ဘယ်လို သိတာလဲပေါ့? ပြီးတော့ ဘာဖြစ်လို့များ ဒီလောက်တောင် လွယ်လွယ် ပြောနိုင်ရ တာလဲပေါ့။ ငါသာနင့်နေရာမှာဆို အလျှော့ပေးမှာ မဟုတ်ဘူးလေ။

စာအုပ်ကို ငါက ရခဲ့ပေမယ့် နင်က ငါ့ထက် တည်ငြိမ် နေခဲ့တယ်။ အရင်တုန်းကဆို အနိုင်ရတိုင်း ပျော်ခဲ့ရတယ်။ ဒီကိစ္စမှာ ငါနိုင်ခဲ့တယ်လို့ မခံစားရဘူး။ နင်ကလည်း ရှုံးသွားတဲ့ လူတစ်ယောက်လို ပုံစံမျိုး ဖြစ်မနေဘူး။ နင့်ကို အားကျလိုက်တာဟာ … နည်းနည်းတော့ မကျေနပ်စရာပဲ ..။

နင်နဲ့ တွေ့မှ ငါနားမလည်သေးတဲ့ တချို့ အရာတွေ နားလည်သွားတယ်။ နင့်ကို ကျေးဇူးတင်တယ်။

နင်နဲ့ ဆုံချင် ပါသေးတယ်။

 ■_■_■_■_■

စာကို ဖတ်နေတဲ့ အချိန်မှာ သူ့မျက်နှာလေးကို မြင်ယောင် နေမိတယ်။  စိတ်ထဲ ကြည်နူးမိ သလိုလို ပျော်ရွှင်မိ သလိုလို။ ခဏခဏ ပြန်ဖတ်မိ စေလောက်အောင် သက်ရောက်မှု တစ်ခု စာထဲမှာ ရှိနေတဲ့အခါ တဖြည်းဖြည်း အလွတ်ရတဲ့ အထိ ဖြစ်လာတယ်။

စာရွက်လေး နှစ်ရွက်စလုံးကို ဖတ်လက်စ စာအုပ်ကြားထဲ အပြန့် လိုက်လေး ပြန်ညှပ် ထားလိုက်တယ်။ ပြီးတော့ သူ့ကို သတိရမိတယ်။ တကယ်ဆို ဒီနေ့ တွေ့ခဲ့သင့်တယ်။ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုပဲ မကျေနပ် ဖြစ်မိတယ်။


■ စက္ကူဖြူဖြူ၊ မှင်ရည်နက်နက် (၃)

စာကြည့်တိုက်မှာ စာအုပ်သွားအပ်မယ်ဆိုပြီး ကျောင်းကို စောစော ရောက် လာခဲ့တယ်။ အဓိကကတော့ သူ့နာမည်လေး သိချင်နေတာကြောင့် တက်ကြွနေခဲ့တာ ..။

“ဇင်ဖြိုး တော်တော် ရှုပ်တယ်နော် … နာမည် မသိတဲ့ လူရဲ့ စာအုပ်များ လာအပ်ပေးရတယ်လို့”

Grade 11 လို့ Lable ကပ်ထားတဲ့ အကန့်လေးထဲမှာ စာကြည့်တိုက်ကတ် (၂၀) လောက်တော့ ရှိလိမ့်မယ်။

“ဟဲ့ ယောက်ျာလေးလား မိန်းကလေးလား”

”မိန်းကလေး တီချယ်”

“ဪ … ဒါကျ သိတယ်”

“ဟဲ…”

စာကြည့်တိုက် ကတ် (၂၀) လောက်ထဲက မိန်းကလေး နာမည်နဲ့ ကတ်တွေကို ဆရာမက အရင် ယူလိုက်တယ်။  ပြီးတော့ ကတ်နောက်ကျော မှတ်တမ်းဇယားမှာ “အထပ်နံပါတ်- ၁၃” ငှားထားတဲ့ ကတ်ကို ရှာတယ်။

“ဟဲ့ …. ဒီမှာ‌ တွေ့ပြီ”

ဆရာမပေးတဲ့ ကတ်လေးကို ယူလိုက်ပြီး ရှေ့မျက်နှာကို ကြည့်လိုက်တဲ့အခါ

“မအိနှင်းဖြူ၊ Grade – 11 (A)”

သူ့ နာမည်ကို သိချင်နေခဲ့တာ ကြာပြီလေ ...၊ အခုလို သိလိုက်ရတော့လည်း ကျေနပ်မိတာပေါ့။ စာအုပ် အပ်ခဲ့ပြီး စာကြည့်တိုက်ကနေ ပြန်ထွက်လာခဲ့တယ်။ လမ်းမှာ ကတ်ကို ကြည့်လိုက် ၊ ပြုံးလိုက် ဖြစ်နေတယ်။ သူ့လက်ရေးနဲ့ ရေးထားတဲ့ စာလုံးလေးတွေက စွဲဆောင်မှု ရှိလွန်းနေခဲ့တာ ဖြစ်မယ်။

ဒီကတ်ကို တကူးတက သွားပေးနေမှာ မဟုတ်ဘူး။ သူစာထဲမှာ ပြောထားတယ်လေ၊ နောက်တစ်ခါ ဆုံတဲ့အခါမှ ပေးဖို့၊  သူက စာကြည့်တိုက်မှာ စာအုပ် အမြဲလာလာ ငှားတတ်တော့လည်း ဒီကြားထဲ မတွေ့ကြရင်တောင် ဒီလာမယ့် သောကြာနေ့ ဆုံဖြစ်ကြမှာပါ။

ခွဲခွာကြတဲ့ အခါတိုင်း အကြောင်းပြချက်တွေ ရှိနေ တတ်ကြပေမယ့် လူနှစ်ယောက် လာဆုံဖို့ အတွက်တော့ အဖြစ်အပျက်တွေ အကြောင်းအရင်းတွေ အများကြီး မလိုအပ်ခဲ့ဘူး။ ကတောက်ကဆ တစ်ခုကို အစပြုပြီး လူနှစ်ယောက် ရင်းနှီး သွာစေနိုင်တယ်ဆို တော်တော်လေ အံ့ဩဖို့ ကောင်းတဲ့ ကိစ္စ တစ်ခုပဲ မဟုတ်လား။

မုန့်စားဆင်းချိန် ရောက်လာပြီဆို အပေါ်ထပ် အောက်ထပ် ဆင်းတဲ့ လှေကားဝကနေ ဟိုဘက် အစွန်ဆုံးမှာ ရှိတဲ့ A ခန်း တံခါးဝကို ငေးကြည့်နေမိတယ်။ အောက်ထပ် ဟိုဘက် အစွန်ဆုံး အခန်းနဲ့ အပေါ်ထပ် ဒီဘက် အစွန်ဆုံးအခန်း အနေအထားတွေ တကယ် ဝေးနေတာပဲ။ Section - A နဲ့ Section - E ဆိုတာ အများကြီး ကွာခြား လွန်းတယ်။ ကျောင်းမှာ မျက်နှာသာ အပေးခံရမှုက အစပေါ့။ အဖက်ဖက်က တွေးလေလေ သူနဲ့ ကိုယ်နဲ့ကြားက အကွားအဝေးက တိုးလာလေလေ၊ နောက်ဆို ဘယ်လောက်တောင် ထပ်ဝေးသွားမလဲ။

 ဒါတွေ မတွေးချင်တော့ပါဘူး။ သူ့ စာကြည့်တိုက် ကတ်ကို အိတ်ထဲကနေ သွားပြန်ယူပြီ မုန့်ဈေးတန်းဘက် ထွက်လာခဲ့လိုက်တယ်။ ကတ်ကို ယူလာတာက မတော်တဆများ သူနဲ့ တွေ့ရင် တစ်ခါတည်း ပြန်ပေးလိုက်လို့ ရတာပေါ့။ ‌ဪ .. ကျနော်က မတော်တဆတွေကို တကူးတက မျှော်လင့်နေ…၊

ကျောင်းလွှတ်တဲ့ အချိန် ချက်ချင်း မပြန်သေးဘဲ ကျောင်းရှေ့မှာ စောင့်နေမိတယ်။ အလာမှာ မဆုံရင်တောင် အပြန်တော့ ဆုံနိုင်တယ်လေ။ ဒါပေမယ် ကျနော်တို့ကျောင်းက Gate တွေ များတဲ့အခါ ငှက်ကလေး တစ်ကောင်နောက် လိုက်နေရတဲ့ လူတစ်ယောက်လို ဖြစ်သွားတယ်။ တိုက်ဆိုင်မှုတွေကို မျှော်လင့်နေတာလို့ပဲ ပြောရမလား၊

စက်ဘီးကလေးတွေ ကိုယ်စီနဲ့ အိမ်ပြန်နေကြတဲ့ အဖြူအစိမ်းလေးတွေ ဘုရားလမ်းပေါ်မှာ အပြည့်ပဲ။ ကျနော့ အရှေ့မှာ ခြေမြန်တပ်မ (xx) က ကျောင်း ဖယ်ရီကား အနီကြီး ရပ်ထားတယ်။ ကားပေါ်မှာ ကျောင်းသားကြီးတွေ ငြိမ်နေကြပေမယ့် ကလေးလေး တွေကတော့ စကားတွေ ပြောနေကြ၊ ဆော့နေကြ။ သူတို့လေးတွေရဲ့ လွတ်လပ်တဲ့ အပြုံးလေးတွေ၊ အပျော်လေးတွေကို ကြည့်ရင်း ကျနော့် ကိုယ် ကျနော် ပြန် စဉ်းစားမိတယ်။

သူဘာသူ ပျံ့ချင်ရာ ပျံနေတဲ့ ငှက်ကလေး တစ်ကောင်နောက်ကို ကျနော် လိုက် နေမိပြီလား။ ဒါမှမဟုတ် လိုက်နေရတာလား။ ဆွဲအား ဆိုတာ ကမ္ဘာမြေကြီးမှာပဲ ရှိတယ် ထင်ထားတာ A ခန်းမှာလည်း ရှိနေခဲ့ပြီလား။ အနောက်ကို လှည့်ကြည့်တော့ ရွှေမောဓော ဘုရားကြီးကို မြင်နေရတယ်။ ဆုတောင်းလေး တွေနဲ့ပဲ ကျနော်လည်း အိမ်ပြန် လာခဲ့ပါတယ်။  

အချိန်တွေဟာ ဘယ်တုန်းကမှ ရပ်မနေခဲ့ပါဘူး။ သောကြာနေ့ဆိုတာလည်း ပြန်ရောက်လာရတာပါပဲ။ နေ့လယ် ထမင်း မစားတော့ဘဲ စာကြည့်တိုက်နားမှာ သွားစောင့်နေလိုက် တယ်။ သူ စာကြည့်တိုက်ကို စောစော လာခဲ့ရင်လည်း မလွဲချင်သလို နောက်ကျမှ လာရင်လည်း မလွဲချင်ဘူးလေ။ ကျောင်းသားတွေ တဖြည်းဖြည်း စာကြည့်တိုက် ရောက်လာတယ်။ စာအုပ်ကလေးတွေ ကိုယ်စီနဲ့ ပြန် ထွက်သွား ကြတယ်။ ကျ‌နော်ကတော့ စာအုပ်မငှားသေးဘဲ စာကြည့်တိုက်နားမှာ သူ့ကို စောင့်နေမိတယ်။

ကျောင်းတက်ချိန် နီးလာတာနဲ့ အမျှ ဗိုက်က ပိုပြီး ဆာလာတယ်။ သူက ရောက်မလာ…၊ ကျောင်းတက်ဖို့ ၁၀ မိနစ်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ကျနော်လည်း စာကြည့်တိုက်ကို ကျောခိုင်းလာခဲ့တော့တယ်။ အဆာခံအောင် တစ်ခုခုတော့ မုန့်ဈေးတန်းမှာ သွားစားဖို့ လိုတယ်လေ။

ကျနော့် ရှေ့တည့်တည့်မှာ လျှောက်လာတဲ့ ငယ်ငယ်က သူငယ်ချင်း တစ်ယောက်ကို တွေ့တယ်။ သူလည်း A ခန်းကပဲ။ မူလတန်းတုန်းက တကျောင်းတည်း တက်ခဲ့ကြတာ။ အခုတော့ အခန်းတွေ မတူ၊ တဖြည်းဖြည်း ဝေးလာကြရင်း မေးထူးခေါ်ပြောလောက်ပဲ ရှိတော့တယ်။


“ဖိုးသား …”

“အေ ပြော … ယောက်ဖ”

“အိနှင်းဖြူ မင်းတို့ အခန်းထဲမှာလား?”

သူကျနော့ကိုကြည့်ပြီး အံ့ဩ နေတယ်၊ ပြီးတော့ ရီ နေတယ်။ သူဘာဖြစ်လို့ အခုလို ဖြစ်နေတာလဲ ကျနော်လည်း နားမလည်။

“ဟဲ့ရောင် … ရှိလားလို့ …”

ကျနော်လည်း စိတ်မရှည်တော့ဘဲ ထပ်မေးလိုက်တယ်။

“အေး .. ရှိတယ် အခုတော့ ပြောင်းသွားပြီ”

သူ့အဖြေက ကျနော့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားစေတယ်။

“ဘယ်လို”

“ငါတို့ တပ်ထဲကပဲလေ … သူ့အဖေက မိတ္ထီလာဘက်ကို ပြောင်းရတော့ တစ်ခါတည်း လိုက်ပြောင်းသွားတာ၊ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကျောင်းတက်သေးတယ် …. တနင်္လာနေ့ ညကမှ ပြောင်းသွားကြတာ အဲ့နေ့ ညနေကတောင် ကျောင်းကားနဲ့ လိုက်လာပြီး အတန်းပိုင်ကို လာကန်တော့ သွားသေးတယ်”

သူအဖြေက ကျနော့်ကို ဆွံ့အသွားစေတယ်။


“မင်းနဲ့သိလို့လားဟ”

“ဘာမှမဟုတ်တော့ဘူးကွာ … ငါ သွားဦးမယ်”

ဝမ်းနည်းသလို ခံစားလိုက်ရတယ် ဆိုတာတော့ သေချာတယ်။ မုန့်ဈေးတန်း မသွားဖြစ်တော့ဘဲ ကျောင်းပေါ်ကို ပြန်တက်လာလိုက်တယ်။ ဗိုက်ဆာတယ်ဆိုတာ ဘယ် ဆီနေမှန်း မသိ၊ စာကြည့်တိုက်ကတ်ကို ကြည့်နေရင်း မျက်လုံးထဲ ပိုးကောင်ဝင်တယ်ဆိုပြီး သူငယ်ချင်းတွေကိုလည်း လိမ်ရသေးတယ်။

သိတာ အချိန် နည်းနည်းလေးပဲ ရှိသေးတဲ့ လူတစ်ယောက်က ဘာလို့ ကိုယ့် အပေါ် ဒီလောက်တောင် စိုးမိုး နိုင်ရတာလဲ။ သံယောဇဉ်ဆိုတာ အချိန်အတိုင်းအတာ အပေါ် မမှီခို လို့လား..။

ကျောင်ပြန်လွှတ်လို့ အိမ်ပြန်ချိန်မှာ ကျနော့အတွက် ကမ္ဘာပျက်သလိုလို ကမ္ဘာမရှိတော့သလိုလို ၊ တစ်စုံ တစ်ခုကို ဆုံးရှုံးရသလိုလို ..။ ရထားမမှီသလိုလို၊ ကားမမှီသလိုလို … ဒါမှမဟုတ် အလိမ်ခံရသလိုလို …။

ကျောင်းမှာ မရှိတော့ဘူး ဆိုတာ မသိခဲ့တဲ့ ကျနော်က တစ်ချိန်လုံး သူ့ကို မျှော်နေခဲ့တာ …။ သူ စာအုပ်လာပေးတဲ့ အချိန်တုန်းက ကျနော် အခန်းထဲမှာ ရှိနေခဲ့ရင် သိပ်ကောင်းမှာ …။ ဒါပေမယ့် သူ ကျနော့ကို ပြောပြဖို့ တကယ် အခွင့်အရေး မရှိခဲ့တာလား။ တနင်္လာနေ့တုန်းက ဖယ်ရီကားပေါ်မှာ ရှိနေတဲ့ သူနဲ့ ဖယ်ရီကား အနောက်မှာ ရပ်နေတဲ့ ကျနော်တို့ တွေ့ခဲ့ရင်လည်း သိပ်ကောင်းမှာ။ ဒါပေမယ့် သူ ကျနော့ကို တကယ် မတွေ့ခဲ့တာလား။

နှုတ်ဆက်ရတော့မှာ သိသိကြီးနဲ့ စာတွေထဲမှာ နောက်ထပ် ဆုံဦးမယ့် လူတစ်ယောက်လို ရေးထားတယ်။ သူ ရေးပြီး ပေးခဲ့တဲ့ စာကို ပြန်ဖတ်ကြည့်ရင်း စာကြည့်တိုက်ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စက သူ့စိတ်ထဲ မကျေနပ်မှုတွေ ဖြစ်စေခဲ့သလား စိုးရိမ်မိတယ်။ အနိုင် မသေချာခဲ့လို့ သေချာအောင် သူရဲ့ သဘာဝ အတိုင်း အစီစဉ်တကျ ထပ်ပြီး အနိုင်ယူလိုက်တာလား။

ကျနော့် အတွက်တော့ အရာအားလုံးက မသေချာခဲ့ပါဘူး။ အနိုင်ဆိုတာ ဘာမှန်းမသိတဲ့ ကျနော်၊ အနိုင်ယူ ခံရတယ်ဆိုရင်လည်း ဘာများတတ်နိုင်မှာလဲလေ။  ဘယ်လိုတွေ ရည်ရွယ်ခဲ့သလဲ ဆိုတာတော့ သူ့အပြင် တခြားသူ မသိနိုင်၊ ကျနော်လည်း ဝေခွဲမရ …။

စာကြည့်တိုက် ရောက်တိုင်း ကျနော် သူ့အကြောင်း တွေးမိနေဦးမှာပါ။ သူကတော့ ကောင်လေး တစ်ယောက်ကို နှုတ်မဆက်ခဲ့တဲ့ အကြောင်း တခြားသော နေရာတစ်ခုမှာ ရယ်စရာလုပ်နေမလား။

စာက္ကူ ဖြူဖြူပေါ်မှာ မှင်အနက် သုံးပြီး ရေးထားတဲ့ စာလေး (၁) စောင် ကို သတိရတဲ့အခါတိုင်း ပြန် ဖတ်မိတယ်။ စာကြည့်တိုက် ကတ်လေးကိုတော့ နောက်တစ်ကြိမ် ပြန်ဆုံတဲ့အချိန်မှပဲ သူ့ဆီ ပြန်ပေးဖြစ်လိမ့်မယ်။ သူ စာထဲမှာ ပြောခဲ့တဲ့အတိုင်းပေါ့ …၊

The _END <3

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Post a Comment

0 Comments